Articles

တောင်ကြီးမြို့နေမွတ်စလင် ဘာသာဝင်များ မှ ကျန်းမာရေးကာကွယ်မှုဝတ်စုံ (၅၀၀)လှူဒါန်း

တောင်ကြီး မတ် - ၃၀

58

ကမ္ဘာနှင့်အဝှမ်း Corona Virus Disease -2019 (COVID-19) ကြောင့်ဖြစ်ပွားသော အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါများဖြစ်ပွားလျက်ရှိပြီး (COVID-19) ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့  မတ်လ (၃၀)ရက် ညနေ(၄)နာရီတွင် တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး ပြည်နယ် ဝန်ကြီးချုပ်ဧည့်ခန်းမတွင် တောင်ကြီးမြို့နေမွတ်စလင်ဘာသာဝင်များမှ ကျန်းမာရေးကာကွယ်မှုဝတ်စုံ (၅၀၀)နှင့် နှာခေါင်းစည်း (၅၀၀)အား လာရောက်လှူဒါန်းကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကျန်းမာရေးကာကွယ်ရေးဝတ်စုံ (၅၀၀)နှင့် နှာခေါင်းစည်း(၅၀၀)တို့အား လာရောက်လှူဒါန်းသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ကျန်းမာရေးစောင့်ကြည့်စခန်းများသို့ ပြန်လည်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး မွတ်စလင် ဘာသာအဖွဲ့ဝင်များဖြစ်သည့် ဦးသန်းထွန်း၊ ဦးအေးဝင်း၊ ဦးကျော်မင်းထွန်း၊ ဦးလှဝင်း၊ ဦးအောင်မြင့်သိန်းတို့မှ ကျန်းမာရေးကာကွယ်ရေး ဝတ်စုံ(၅၀၀)နှင့် နှာခေါင်းစည်း(၅၀၀) ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ လက်ခံရယူ၍ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါတောင်ကြီးမြို့နေ မွတ်စလင်ဘာသာဝင်များမှ တောင်ကြီးမြို့ပေါ်ရှိ စဝ်စံထွန်းဆေးရုံ၊ ရွှေညောင် ဆေးရုံ၊ ညောင်ရွှေဆေးရုံတို့ကို ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

 

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ကုသရေး ပြည်နယ်အဆင့်လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး မတ်-၂၄

57

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော Coronavirus Disease 2019 (COVID-19)  ကြောင့် ဖြစ်ပွားသော အသက်ရှှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်နေ့တွင် အမျိုးသားအဆင့်ဗဟိုကော်မတီ၏ တိုးမြှင့်ဖွဲ့စည်းဆောင်ရွက် ခဲ့ပြီး အမျိုးသားအဆင့်ဗဟိုကော်မတီကို အထောက်အကူပြုလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့်လုပ်ငန်း ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ရန် အမျိုးသားအဆင့်ဗဟိုကော်မတီ၏ မတ်လ ၁၈ ရက်နေ့တွင် ညွှန်ကြား လာပါသဖြင့် ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၂၄ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က ရှမ်းပြည်နယ်ဒေသတွင် နယ်စပ်ဒေသများကို ရောဂါကာကွယ်ရေး အတွက် ကြိုတင်အသိပေးအကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ကျန်းမာရေးဌာနနှင့် ပူပေါင်း၍ ပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ကြိုတင်ကာကွယ်မှုအနေဖြင့် တိရစ္ဆာန်မှတဆင့် ကူးစက်နိုင်ကြောင်း ကြိုတင်အသိပေးစာများလည်း ထုတ်ဝေထားပြီးဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် ဌာနများအလိုက် ကော်မတီများဖွဲ့စည်းထားပြီး ဖြစ်၍ ဌာနများက ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ Coronavirus Disease 2019 (COVID-19)  ကုသရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်မှ တင်ပြဆွေးနွေးပြီး တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြသည်။ 

ထို့နောက် Coronavirus Disease 2019 (COVID-19)  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှ အစည်းအဝေးဆုံးဖြတ်ချက်များ ဖတ်ကြားရာ(COVID-19) ကာကွယ်ရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှ ပြည်သူများထံ ပန်ကြားချက်နှင့် အသိပညာပေးသည့်မှာကြားချက်များအား ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှတဆင့် ပြည်သူများထံ ပန်ကြားပေးရန် (တိုင်းရင်းသားဘာသာများဖြင့် ပြန်ကြားပေးရန်)၊ နိုင်ငံခြားမှ ပြန်လည်ရောက်ရှိလာသူများအား သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှ သတင်းပေးပို့ရေး၊ သတင်းရရှိရေးဆောင်ရွက်ရန်၊ Facility Quarantine နှင့်ပတ်သက်ပြီး တက္ကသိုလ်၊ ဟိုတယ်၊ ဘုန်းတော်ကြီးကျောင်းစာရင်းများကို မြို့နယ်အလိုက် စုစည်းတင်ပြရန်၊ Facility/ Home Quarantine များနှင့် ပတ်သက်ပြီး လိုက်နာရမည့်အချက်များ မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေးမှူးတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ၂၄.၃.၂၀၂၀ ရက်မှစပြီး KTVများ၊ ကလပ်များ ပိတ်သိမ်းရေး ဆောင်ရွက်ရန်၊ သတင်းရရှိရေးနှင့် အရေးပေါ်လူနာပေးပို့ရေးအတွက် မြို့နယ်အလိုက် အဖွဲ့ဖွဲ့စည်းချိတ်ဆက်ဆောင်ရွက်ရန် (ပြည်နယ်ကော်မတီသို့ စာရင်းပြုစုပေးပို့ရန်)၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ညဈေး၊ ဆိုင်ထိုင်စားသောက်ခြင်း ရှောင်ရှားရန်အတွက် စည်ပင်သာယာရေးဌာနမှ ပြည်သူများအား ပန်ကြားရန်၊ (COVID-19) အသိပညာပေးလုပ်ငန်းများအား ဌာနအားလုံးပေါင်းစပ်ဆောင်ရွက်ရန်၊ လူအများစုဝေးများသည့် ဘုရားပုထိုးနေရာများအား အချိန်ကန့်သတ် ဆောင်ရွက်ရန်၊ လူထူထပ်သည့်နေရာများသို့ သွားရောက်ခြင်းအား ရှောင်ရှားစေနိုင်ရေးအတွက် ဌာနဆိုင်ရာများအားလုံး ဌာနအတွင်း နှိုးဆော်ဆောင်ရွက်ရန်၊ ဌာနအလိုက် (COVID-19) စောင့်ကြပ်စစ်ဆေးရေးလုပ်ငန်းဆောင်ရွက်ရန် (ရုံးအဝင်ဝတွင် လက်ဆေးကန်၊ ဆပ်ပြာရည်စီစဉ်ဆောင်ရွက်ပေးရန်)၊ မြို့အဝင်အထွက်ဂိတ်များ လုပ်ငန်းကော်မတီဖွဲ့စည်းပြီး (COVID-19) စောင့်ကြပ်စစ်ဆေးရန် (ကလော၊ ဟဲဟိုး၊ ဖယ်ခုံ၊ နမ့်စန်၊ ရွာငံ၊ နောင်ချို၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ တာချီလိတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံ၊ မိုင်းပျဉ်း)တို့ကို နိဂုံးချုပ်အမှာစကား၌ ပြောကြားသွားကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ ဘာသာကြီး (၄)ခုတွင် ဝတ်ပြုဆုတောင်း

တောင်ကြီး မတ်   ၂၃

56

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊  ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး တို့သည် တောင်ကြီးမြို့ပေါ်ရှိ ဟိန္ဒူဘုရားကျောင်း၊ ဂျာမေ့ဗလီ၊ ဆစ်ခ်ဘုရားရှိခိုးကျောင်း၊ စိန့်ဂျိုးဇက် ဘုရားရှိခိုးကျောင်းများသို့ မတ်လ ၂၂ ရက် ညနေ ၆ နာရီတွင် သွားရောက်၍ ဘာသာကြီး(၄)ခုမှ ခေါင်းဆောင်များနှင့်အတူ ရှမ်းပြည်နယ်နှင့် ပြည်ထောင်စုသားအားလုံး၊ ကမ္ဘာသူကမ္ဘာသားအားလုံး ကပ်ကြီး(၃)ပါးကျော်လွှားပြီး၊ ရောဂါဘယများကင်းဝေးစေရန်အလို့ငှာ ဝတ်ပြုဆုတောင်းခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

 

ရှမ်းပြည်နယ်အတွင်း COVID-19 အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး

တောင်ကြီး မတ်   ၁၉

55

ရှမ်းပြည်နယ်(တောင်ပိုင်း) ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အတွင်း COVID-19 အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၌ကျင်းပသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ) မှတာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကဆေးရုံမှ တာဝန်ခံများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၁၇.၃.၂၀၂၀ ရက်နေ့ WHO Situation Report အရ တစ်ကမ္ဘာလုံးမှာ (၁၇၉၁၁၂)ဦး ပိုးတွေ့ရှိခဲ့ပြီး၊ (၇၄၂၆)ဦး သေဆုံးခဲ့ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပိုးတွေ့လူနာပေါင်း (၈၁၁၁၆)ဦးရှိခဲ့ပြီး၊ (၃၂၃)ဦး သေဆုံးခဲ့ပါကြောင်း၊ COVID-19 အဆုတ်ရောင်ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကို Containment အနေနဲ့ ဆောင်ရွက်လျက်ရှိပြီး (၁၇.၃.၂၀၂၀) ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် စောင့်ကြည့် လူနာ (၁၄၄)ဦးအား စစ်ဆေးခဲ့ပြီး (၁၃၅)ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်း မရှိဘဲ (၉)ဦး၏ ဓာတ်ခွဲအဖြေအား စောင့်ဆိုင်းဆဲ ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း COVID-19 စောင့်ကြည့်လူနာပေါင်း (၂၇)ဦးရှိပြီး (၂၄)ဦးတွင် ရောဂါပိုးတွေ့ရှိခြင်း မရှိဘဲ လူနာ (၃)ဦး၏ ဓာတ်ခွဲနမူနာအဖြေအား စောင့်ဆိုင်းဆဲ ဖြစ်ပါကြောင်း၊ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် POE များတွင်  Fever Surveillance ပြုလုပ်၍ စောင့်ကြည့်ခြင်းများကို ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် (၁၈)နေရာ၊ ရှမ်း (အရှေ့ပိုင်း)တွင် (၁၀)နေရာ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် (၁)နေရာ စုစုပေါင်း (၂၉)နေရာ၌ ဆောင်ရွက်လျက်ရှိပြီး ကျေးလက်ဒေသအထိ ပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ရှမ်းပြည်နယ်အတွင်း COVID-19 အဆုတ်ရောင်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်တဲ့ ကာကွယ်ရေးနှင့် လုပ်ငန်း သုံးပစ္စည်းများ ဝယ်ယူရန် (၁၆၉)သိန်း (၉)သောင်းကျပ်အားလည်းကောင်း၊ POE များ၏ Fever Surveillance လုပ်ငန်းတွင် အသုံးပြုရန် သိန်း (၆၀)ကျပ်အားလည်းကောင်း၊ တစ်ကိုယ်ရေသုံးကူးစက်ရောဂါကာကွယ်ရေးဝတ်စုံ Personal Protective Equitment (PPE) (၃၀၀၀)စုံ ဝယ်ယူရန်အတွက် (၂၈၅)သိန်းအား လည်းကောင်း ထောက်ပံ့ပေးခဲ့ကြောင်း အဖွင့်အမှာစကား၌ ပြောကြားသည်။ 

ဆက်လက်၍ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (တောင်ကြီး) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (လားရှိုး) ပြည်နယ်ဦးစီးမှူး ဒေါက်တာ တင်မောင်ညွန့်၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ကျိုင်းတုံ) ဒေါက်တာဘစိုးသက်၊ အမျိုးသမီးနှင့်ကလေး ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်ခိုင်တို့က COVID-19 အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုများအကြောင်း ရှင်းပြပြီး ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကိုတင်ပြဆွေးနွေးခဲ့သည်။

ထို့နောက် COVID-19 အဆုတ်ရောင်ရောဂါ သံသယလူနာတွေ့ရှိမှု အခြေအနေ၊ ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကိုဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

စိုင်းသန်းကျော် (တောင်ကြီး)

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 108 guests and no members online