Articles

ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ တောင်ကြီးမြို့ပေါ် ရပ်ကွက်များရှိ အခြေခံပြည်သူများအား စားနပ်ရိက္ခာထောက်ပံ့

တောင်ကြီး      မေ   -   ၂၁

98

ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသည် ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်း(၅၀၀၀) ပံ့ပိုး မတည်ငွေ၊ အများပြည်သူလူထု လှူဒါန်းထည့်ဝင်ငွေများဖြင့်  COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံ ပြည်သူများအား ထောက်ပံ့ပေးနိုင်ရန် အရန်ရိက္ခာ၊ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ အထုပ်ရေ (၁)သိန်းအားလည်းကောင်း၊ COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများအား လည်းကောင်း လှူဒါန်းပေးလျက်ရှိသည်။

၂၀၂၀ ပြည့်နှစ်၊ မေလ ၂၁ ရက်၊ နံနက် ၈ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင် ဦးစီး၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကမ္ဘောဇဘဏ်လီမိတက် နာယကနှင့် အရာထမ်း၊ အမှုထမ်းများ၊ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီဝင်များ၊ ပရဟိတအဖွဲ့ဝင်များဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်နှင့် ရွှေတောင်ရပ်ကွက်ရှိ အခြေခံပြည်သူလူထု အိမ်ထောင်စု (၁၂၂၄)စု လက်ဝယ်အရောက် စားနပ်ရိက္ခာထုပ်များ၊ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲတို့အား ဖြန့်ဝေထောက်ပံ့ပေးခဲ့သည်။

ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ “စားနပ်ရိက္ခာကို ယနေ့တွင် စတင်ဖြန့်ဝေပြီး ကမ္ဘောဇဘဏ်နှင့် အလှူရှင်များမှ စုပေါင်း၍ လှူဒါန်ပေးထားသော ငွေများဖြင့် စားနပ်ရိက္ခာများ စုဆောင်းကာ စားဝတ်နေရေး အခက်အခဲရှိသည့် အခြေခံပြည်သူများအား စတင်ဖြန့်ဝေပေးတယ်၊ တောင်ကြီးမြို့ပေါ်ရှိ စိန်ပန်း၊ ရွှေတောင်ရပ်ကွက်ကို ယနေ့ တွင် စတင်ကာ အိမ်ထောင်စု (၁၂၂၄)စုကို  တစ်အိမ်တွင် မိသားစုဝင် (၄)ယောက်ရှိပါက ရိက္ခာတစ်စုံနှင့်၊ (၅)ဦးအထက် ရှိပါက နှစ်စုံတို့ကို ဆန်(၃)ပြည်၊ ဆီ (၁၈)ကျပ်သား၊ ကုလားပဲ (၅၀)သား၊ ဆား (၂၅)ကျပ်သား၊ ကော်ဖီမှုန့် (၁)ထုပ် ပစ္စည်း (၅)မျိုး ဖြန့်ဝေပေးပါတယ်၊ ကျန်ရှိနေသေးတဲ့ တောင်ကြီးမြို့ပေါ် ရပ်ကွက်နဲ့ အေးသာယာမြို့များကိုလည်း ရာသီဥတု အခြေအနေ ကောင်းပါက ဆက်လက်ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်၊ ဖြန့်ဝေပေးရန်အတွက် စာရင်းဇယားများ ပြုစုထားပြီးဖြစ်ပါတယ်၊ တောင်ကြီးမြို့ပေါ် ရပ်ကွက်နှင့် အေးသာယာမြို့များအပြင် တိုင်းရင်းသားများ ဖြစ်ကြသော ရှမ်း၊ ပအိုဝ်း၊ အင်း၊ ဓနု၊ ပလောင်၊ တောင်ရိုးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ စစ်ဘေးရှောင်စခန်းများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တိုင်းရင်းသား များကိုလည်း ဖြန့်ဝေပေးရန် အစီအစဉ် ရှိကြောင်း ” ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ၊ ဒုတိယ ဥက္ကဋ္ဌ ၊ ပြောရေးဆိုခွင့် ရှိသူ ဦးသူရစောသိန်း (ခ) ကိုတူးငယ်မှ ပြောသည်။

ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ၊ COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ စီမံခန့်ခွဲရေးဆပ်ကော်မတီသည် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးသို့ ပြည်ပမှ ပြန်လည်ဝင်ရောက်လာကြသည့် နိုင်ငံသားများနှင့် ၎င်းတို့နေထိုင်ရာ နေရာဒေသများရှိ ပြည်သူ့ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများမှ ကျန်းမာရေးဝန်ထမ်း များနှင့် စောင့်ကြည့်လူနာများအတွက် ရောဂါကာကွယ်သည့်ပစ္စည်း (၆)မျိုး၊  PPE ဝတ်စုံများ၊ နှာခေါင်းစည်းများ၊ ကိုယ်အပူချိန် တိုင်းကိရိယာများ၊ဆေးရုံသုံးလက်အိတ်များ၊ မျက်မှန်နှင့် လက်သန့်ဆေးရည်ဗူးများအား နေရာအရောက် နေ့စဉ်အဆက်မပြတ် သွားရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသည် ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ အခြားမြို့နယ် များနှင့် တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာဒေသများ၊ စစ်ဘေးရှောင်စခန်းများသို့ ရိက္ခာထုပ်များ ဆက်လက်၍ ထောက်ပံ့ လှူဒါန်းပေးသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

 

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေလှူဒါန်း

တောင်ကြီး မေ   −   ၁၅

97

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေလှူဒါန်းခြင်းကို မေလ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါလှူဒါန်းပွဲတွင် တောင်ကြီး၊ အောင်ပန်း၊ ကလော၊ ရပ်စောက် တေဇကျောင်းဆင်း ညီနောင်အရာရှိ (၄၃)ဦးတို့မှ အလှူငွေကျပ်(၁၅)သိန်း ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ လက်ခံရယူ၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် ခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

တောင်ကြီး မေ   −   ၁၅

96

ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၀)နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်း ကော်မတီအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၀)ကို မေလ (၁၅)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က Covid-19 ရောဂါ ဖြစ်ပွားနေသောကြောင့် အစည်းအဝေး မကျင်းပရသည်မှာ ကြန့်ကြာခဲ့ပြီး ယနေ့အစည်းအဝေးကို အောင်မြင်စွာ ပြုလုပ်နိုင်သည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ လယ်ယာမြေစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၀) ဆုံးဖြတ်ချက်နှင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၀) ဆုံးဖြတ်ချက်များအား ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ဆုံးဖြတ်ချက်များအား ဖတ်ကြားအတည်ပြုရယူပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးခြင်းလုပ်ငန်း လျာထားချက်အပေါ် ပြင်ဆင် လျာထားဆောင်ရွက်ခွင့်ပြုနိုင်ပါရန် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ပေးပို့တင်ပြထားရှိပြီးဖြစ်သည့်အတွက် မှတ်တမ်းတင် ထားရှိနိုင်ရေး ဆွေးနွေးဆုံးဖြတ်ခြင်းနှင့် ပြည်နယ်လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှု အမှုတွဲ(၁၂)တွဲအား ဆွေးနွေးဆုံးဖြတ်ကာ မြေယာလျော်ကြေး/နစ်နာကြေးအမှုတွဲ (၆)တွဲအား ဆွေးနွေးဆုံးဖြတ်ကြသည်။

ထို့နောက် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၀) တင်ပြချက်များအား ဆွေးနွေး ဆုံးဖြတ်ခြင်း၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၀) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ကာ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြပြီး ရှမ်းပြည်နယ် လယ်ယာ မြေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

စျေးကွက်မရ အရှုံးပေါ်နေသော ဂေါ်ဖီထုပ်၊ မုန်ညင်းစိုက်တောင်သူများအား သဘာဝမြေသြဇာနှင့်မျိုးစေ့များ ထောက်ပံ့ပေးအပ်

တောင်ကြီး မေ   -   ၁၄

95

COVID-19ရောဂါဖြစ်ပွားနေချိန်ကာလတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် ဟဲဟိုးမြို့နှင့် ကလောမြို့နယ် မြင်းမထိကျေးရွာတွင် တောင်သူများ စိုက်ပျိုးထားသော ဂေါ်ဖီထုပ်၊ မုန်ညင်း၊ ဂန္ဓမာပန်းများသည် အရောင်းအဝယ် မဖြစ်သောကြောင့် စျေးများမရ၍ အရှုံးနှင့်ရင်ဆိုင်နေရသဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ မေ(၁၃)ရက် နံနက်ပိုင်းက ဟဲဟိုးမြို့ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အာလူး၊ ဂေါ်ဖီအစုအဖွဲ့၊ ကလောဇုန်အစည်းအဝေးခန်းမ၌ တောင်သူများနှင့် တွေ့ဆုံကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ယခုကြုံတွေ့ နေရသော သီးနှံဆုံးရှုံးမှုများသည် စားသောက်ဆိုင်များအနေဖြင့် COVID-19 ရောဂါကြောင့် ဆိုင်များခေတ္တပိတ်ထားရသောကြောင့် ဝယ်လိုအားမရှိသဖြင့် ထုတ်ကုန်ဆုံးရှုံးမှုများ ဖြစ်ရပါကြောင်း၊ တောင်သူများရင်ဆိုင်နေရသည့် အခက်အခဲများကိုဖြေရှင်းနိုင်ရန် အတွက် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို တောင်သူများ၏ တင်ပြချက်များကိုနားထောင်ပြီး၊ ထိခိုက်နစ်နာသည့် တောင်သူများကို သဘာဝဓါတ်မြေသြဇာနှင့် အစားထိုးသီးနှံဖြစ်သည့် ဂေါ်ဖီ၊ မုန်ညင်း၊ ပန်းမုံလာမျိုးစေ့တို့ကို ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ယခု ဖြစ်ပေါ်နေသည့် ပြသာနာများကို လက်ရှိရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစိုင်းလုံကျော်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက တောင်သူများအား ဆန်၊ ကြက်သွန်နီ၊ ဆီ၊ ဟင်းသီးဟင်းရွက် မျိုးကောင်းမျိုးသန့် မျိုးစေ့များ၊ သဘာဝမြေသြဇာများနှင့် စိုက်ပျိုးရေးနည်းပညာပေး လက်ကမ်းစာစောင်များအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဟဲဟိုးမြို့ရှိ Myanmar Belle ဟင်းသီးဟင်းရွက် အခြောက်ခံစက်ရုံသို့သွားရောက်၍ တောင်သူများဟင်းသီးဟင်းရွက်ဈေးကွက် ရရှိရေးအတွက် ကုမ္ပဏီအဖွဲ့များနှင့် သွားရောက်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

“မုန်ညင်းကို ပထမအကြိမ်တွင် စိုက်ပျိုးမှုငွေကျပ်(၃)သိန်းကုန်ကျပါတယ်၊ အရှုံးပေါ်တာကြောင့် ပစ်ထုတ်ရပြီး၊ ယခု ဒုတိယအကြိမ်မှာ စိုက်ပျိုးမှု(၆)သိန်းကုန်ကျတယ်၊ ပြန်ရောင်းတာ (၆)သောင်းလောက်မရဘူး၊ စိုက်ပျိုးထားတဲ့ မုန်ညင်းကို နွားစာအဖြစ် အသုံးပြုရတာပေါ့၊ လက်ရှိမှာ ဂန္ဓမာပန်းများ စိုက်ထားပါတယ်၊ ပိုးသတ်ဆေး၊ မြေသြဇာများ အကြွေးယူရပြီး၊ ပြန်ဆပ်ရန်အတွက် စိတ်ပူနေရပါတယ်၊ အရင်းအနှီးကို ရွာထဲမှာမြေသြဇာ ပိုးသတ်ဆေးမျိုးစေ့တို့ကို အကြွေးယူရပါတယ်၊ ယခုလက်ရှိမှာပန်းများလည်း စျေးကောင်းမရဘူး၊ ပန်းကပြီးခဲ့တဲ့နှစ်က ဈေး(၁၀၀)ကျပ်ရပြီး၊ ခုလက်ရှိမှာ(၃၀)ကျပ်သာရတယ်၊ မုန်ညင်းလဲဝယ်ယူသူမရှိဘူး၊ ပုန်းမုန်ညင်းအပါ အရင်းအနှီး(၁၅)သိန်းရှုံးတယ်၊ ကျွန်မက(၁)ဧကသာစိုက်တယ်၊ သီးထပ် သီးညှပ်စိုက်ပြီး  ဝယ်ယူသူမရှိသောကြောင့် အရှုံးဘဲပေါ်တယ်၊ ပြီးခဲ့တဲ့နှစ်က မုန်ညင်းကို (၁)သောင်းဖိုးလောက်စိုက်ရင် အမြတ်က(၅)သိန်း (၆)သိန်းလောက်ရပါတယ်၊ ခုကာလမှာ ကျွန်မအနေဖြင့် အကြွေးကိုဘယ်လိုပြန်ဆပ်ရမှာကို ခံစားနေရ ပါတယ်၊ ယခုလိုရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် လာရောက်တဲ့အချိန်မှာ ကျွန်မအနေဖြင့် ပိုးသတ်ဆေး၊ မြေသြဇာမျိုးစေ့များကို တင်ပြထားပါတယ်၊ ကျွန်မတို့စိုက်ပျိုးထားတဲ့ သီးနှံများကို စျေးကွက်ရရှိလိုပြီး၊ စျေးကွက်ရရှိစေရန် ဆောင်ရွက်ပေးစေလိုတယ်လို့ ဟဲဟိုးမြို့ ရွာတော်ရွာနေ တောင်သူ ဒေါ်မြသန်းကပြောသည်။

ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေမြူးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ပြည်နယ်မှူးနှင့် တာဝန်ရှိသူများက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဟဲဟိုးမြို့နှင့် မြင်းမထိကျေးရွာရှိ တောင်သူ များအား အရည်အသွေးမြင့် သဘာဝအော်ဂဲနစ် ကြက်ချေးမြေသြဇာ(၉၀)အိတ်၊ မျိုးစေ့ဂေါ်ဖီထုပ်(၇၀)၊ ပန်းမုံလာ(၁၀၀)ထုပ် တို့ကိုပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 69 guests and no members online

Latest Updates