We have 400 guests and no members online

ဆီဆိုင် ဇူလိုင် - 17

new 170

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ‌နောင်ထော်-ပွန်ချောင်း (3/2မိုင်) ကတ္တရာထပ်ပိုးလွှာခင်းလမ်း ဖွင့်ပွဲကို ဇူလိုင် 17 ရက် နံနက် 10 နာရီခွဲက ဆီဆိုင်မြို့နယ်၊ နောင်ထော်ကျေးရွာ၊ နောင်ထော်-ပွန်ချောင်းလမ်းမုခ်ဦး၌ ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံတွင် မြို့နေပြည်သူ (30%)ခန့် ရှိပြီး ကျေးလက်နေပြည်သူ (၇၀%)ခန့် ရှိကာ ရှမ်းပြည်နယ်အတွင်း မြို့ပြနေလူထုမှာ (24%)ခန့် ရှိ၍ ကျေးလက်နေပြည်သူ (76%)အထက် ရှိနေသောကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် ကျေးလက်ဒေသ၌ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် ကျေးလက်ဒေသနေပြည်သူ များ ဆင်းရဲမှုလျှော့ချရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လျက် ရှိရာ အခြေခံကျသော ကျေးလက်ဒေသ၏ လမ်းပန်းဆက်သွယ်မှု လွယ်ကူရေးသည် အဓိကကျသော အချက်တစ်ချက် ဖြစ်ပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ‌ဒေသအတွင်းရှိ ဒေသအများစုသည် နယ်မြေတည်ငြိမ်အေးချမ်းသည့် အနေအထားကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ခဲ့သောကြောင့် အခြား‌ဒေသများထက် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ဒေသခံပြည်သူ များ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်မှု ရရှိသည်ကို တွေ့ရှိရသဖြင့် များစွာဝမ်းမြောက်မိပါကြောင်း၊ အချို့ဒေသများ တွင် အခြေအနေအရပ်အရပ်ကြောင့် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးဘဲ ကျန်ရှိနေသေးသည်ကိုလည်း တွေ့ရှိရမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနများက သက်ဆိုင်ရာဌာနများအလိုက် ရည်ရွယ်ချက်၊ ရည်မှန်းချက် လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ဖြင့် နှစ်တိုနှစ်ရှည် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ 2019-2020 ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်တစ်ဝှမ်းလုံး၌ ခွင့်ပြုရန်ပုံငွေကျပ် (11)ဘီလီယံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ 2019-2020 ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်အစိုးရ ခွင့်ပြု ရန်ပုံငွေကျပ်(727.286)သန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး 2020- 2021 ဘဏ္ဍာရေးနှစ်အတွက်လည်း ရန်ပုံငွေကျပ်(954.663)သန်း အဆိုပြုတင်ပြထားရှိပြီးဖြစ်ကြောင်း ပြောကြားသွားသည်။

ယနေ့ ဖွင့်လှစ်ပေးသည့် ဆီဆိုင်မြို့နယ်၊ နောင်ထော်-ပွန်ချောင်း 3 မိုင် 2 ဖာလုံ ကတ္တရာထပ်ပိုးလွှာခင်းလမ်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး မြေလမ်း 4 မိုင် 2 ဖာလုံ ပြုပြင်ထိန်းသိမ်းခြင်းနှင့် လမ်းပိုင်းများတွင် လိုအပ်သော 10 ပေ Box Culvert (3)စင်း၊ 5 ပေ Box Culvert (5)စင်း တည်ဆောက်ခြင်းလုပ်ငန်းများအတွက် ရန်ပုံငွေကျပ်(391.765)သန်းကို ပြည်နယ်အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေးရန်ပုံငွေမှ ကျခံသုံးစွဲခဲ့ခြင်းဖြစ်ကြောင်း၊ ကတ္တရာထပ်ပိုးလွှာ 3 မိုင် 2 ဖာလုံ ခင်းခြင်းလုပ်ငန်းကို ဓနုမင်းသားကုမ္ပဏီမှ ခွင့်ပြုငွေကျပ် (313.551)သန်းဖြင့် တင်ဒါအောင်မြင်ပြီး 2020 ပြည့်နှစ်၊ မေလ 5 ရက်နေ့မှ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး ယနေ့လမ်း ဖွင့်ပွဲအခမ်းအနား ကျင်းပနိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ရာသီမရွေး လွယ်ကူချောမွေ့စွာ သွားလာနိုင် တော့မည်ဖြစ်၍ နှစ်လတာကာလအတွင်း သတ်မှတ်ချက်များနှင့်အညီ အင်တိုက်အားတိုက် လုပ်ငန်းပြီးစီးအောင်ဆောင်ရွက် ပေးခဲ့သည့် ဓနုမင်းသားကုမ္ပဏီကိုလည်း ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ၎င်းက ပြောကြားသွားသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းမှ အမှာစကားပြောကြားပြီး ဒေသခံ ဦးခွန်ဝိလာသက္ကမှ ကျေးဇူးတင်စကားပြောကြားကာ ကတ္တရာထပ်ပိုးလွှာလမ်းပိုင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကတ္တရာထပ်ပိုးလွှာလမ်းပိုင်း အား လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

09-250132943

တောင်ကြီး ဇူလိုင် - ၁၅

new 171

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ ဇူလိုင် ၁၅ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့၊ အစိုးရအဖွဲ့ရုံး၊ ပြည်နယ်ဝန်ကြီးချုပ်၏ Call ခန်းမ၌ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ(ICRC)အဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ(ICRC)အဖွဲ့ Maxime Zabaloueff မှ မြန်မာနိုင်ငံ ကို ရောက်ရှိတာ မကြာသေးကြောင်း၊ လားရှိုးတာဝန်ခံတစ်ယောက် ဖြစ်ပါကြောင်း၊ ယခုလို ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို လာရောက်မိတ်ဆက်ရခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် မတွေ့ခင်မှာ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်နှင့် စတင်တွေ့ဆုံခဲ့ကြောင်း၊ မိမိတို့လုပ်ငန်းများကိုလည်း အကြံဉာဏ်ပေးပါကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လုပ်ငန်းများ လုပ်ကိုင်ရန် ရောက်ရှိလာခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို အကြံဉာဏ် တောင်းခံ ပါကြောင်း၊ ရှမ်းပြည်နယ်တွင် တာဝန်ကျသည့်အပိုင်းကို ဆောင်ရွက်ရပြီး ယခုလို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံရတာ ဝမ်းသာပါကြောင်း၊ ICRC ရုံးအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း၊ မြောက်ပိုင်း)တွင် ရှိပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် မရှိသေးကြောင်း၊ Covid-19 ရောဂါကြောင့် ICRC အဖွဲ့အနေဖြင့် အခက်အခဲ ရှိခဲ့ပါကြောင်း၊ Covid-19 နှင့်ပတ်သက်၍ ကူညီဆောင်ရွက်နေမှုများလည်း ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း Covid-19 နှင့်ပတ်သက်၍ အကူအညီ ပေးနေကြောင်း၊ ICRC အဖွဲ့သည် ပုံမှန်အားဖြင့် အရေးပေါ်ကာလတွင် တုံ့ပြန်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ အရေးပေါ်နေရာများတွင် မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးရမည်ကို သိရှိလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ကြက်ခြေနီအသင်းအဖွဲ့များသည်လည်း အလုပ်လုပ်လျက်ရှိပြီး ကြက်ခြေနီနှင့်ပူးပေါင်း၍ လိုအပ်သည့်နေရာများတွင် လုပ်ငန်းများ ဆောင်ရွက်လိုပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း မြို့နယ်များ၌ လုပ်ငန်းဆောင်ရွက်ခွင့်ရရှိသည့်အတွက် အထူး ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် ရှမ်းပြည်နယ်အတွင်း မြို့ပေါ်ရှိ သတ်မှတ်ထားသည့်နေရာများမှလွဲ၍ မည်သည့်နေရာမှ မသွားရန် ပြောကြားထားပါကြောင်း ဆွေးနွေးသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က Covid-19 ရောဂါကြောင့် ယခုလို ICRC အဖွဲ့နှင့် တွေ့ဆုံမှုနောက်ကျခဲ့သည့်အတွက် စိတ်မရှိပါရန်နှင့် ရှမ်းပြည်နယ်တွင် ဖွင့်လှစ်ထားသည့် ICRC နှင့် ပတ်သက်၍ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ ရှင်းလင်းပြောကြားသွားမည်ဖြစ် ကြောင်း၊ သီးခြားအဖွဲ့များမှလည်း အကူအညီတောင်းပါက ICRC အဖွဲ့အနေဖြင့် ကူညီဆောင်ရွက်ပေးရန်၊ ICRC အဖွဲ့အနေ ဖြင့် ကျောက်မဲခရိုင်တွင် ပြည်သူများအတွက် ကူညီဆောင်ရွက်ပေးခဲ့သည်ကို ကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ICRC နှင့် ခေတ်အဆက်ဆက် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ အကူအညီများလိုပါက ရှမ်းပြည်နယ်အစိုးရ အဖွဲ့အပြင် ရှမ်းပြည်နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့လည်း ညွှန်ကြားထားပါကြောင်း ဆွေးနွေး ပြောကြားသွားပြီး အပြန်အလှန် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

၀၉-၂၅၀၁၃၂၉၄၃

ရွှေညောင်     ဇူလိုင်-၁၄

new 172

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်/ခရိုင် / မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများနှင့် တာဝန်ရှိသူတို့သည် ဇူလိုင်(၁၂)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ စိုက်ပျိုးရေးဦးစီးဌာန၊ တာယောမျိုးသန့်ခြံတွင် မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်းအား ကြည့်ရှုပြီး ရေဆင်း(၁)စပ်မျိုး နေကြာထုတ်လုပ်ခြင်းနှင့် နေကြာခင်းများအား ကြည့်ရှုခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူတို့သည် ကလောမြို့နယ်၊ ဟဲဟိုးဥယျာဥ်ခြံသို့ ရောက်ရှိလာပြီး COVID-19 စီးပွားရေးကုစားမှု(CERP)အစီအစဥ်အရ KOICAမှအထောက်အပံဖြင့် (SAEM)စီမံကိန်းမှ ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ ပေးအပ်ခြင်း၊ ဖောငမြှောင်တောင်(FAW) ကာကွယ်နှိမ်နှင်းရန် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းနှင့် မိုးစပါး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်းအခမ်းအနား တက်ရောက်ကာ ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန်ကာလအတွင်းမှာ အိမ်ရှင်မများ ရောဂါဖြစ်ပွားမှုကာကွယ်နိုင်ရေးအတွက် လူထူထပ် သည့်စျေးများသို့ သွားရောက်ခြင်းကို တတ်နိုင်သမျှ လျှော့ချနိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့အစီအစဥ်ဖြင့် မြို့ပေါ်ရပ်ကွက်များ သို့ ဟင်းသီးဟင်းရွက်မျိုးစေ့များ ဖြန့်ဝေပြီးဖြစ်ပါကြောင်း၊ ယခု KOICA အထောက်အပံ့ဖြင့် SAEMစီမံကိန်းမှ ရှမ်းပြည်နယ် အတွင်း ကလော၊ ပင်းတယ၊ ရပ်စောက်(၃)မြို့နယ်တွင် တစ်မြို့နယ်လျှင် အိမ်ထောင်စု(၁၅၀၀)အတွက် ဟင်းသီးဟင်းရွက် မျိုးစေ့များ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း၊ COVID-19ကပ်ရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်ရန် လိုအပ်သလို မိုးရာသီ စိုက်ပျိုးချိန်ရောက်ပြီဖြစ်သည့်အတွက် မိမိတို့စိုက်ပျိုးထားသော သီးနှံများကိုလည်း ပိုးမွှားကျရောက်မှုမှ ကာကွယ်ရန် လိုအပ်ပါ ကြောင်း၊ ယခင်နှစ်မိုးရာသီတွင် ရှမ်းပြည်နယ်အတွင်း အစေ့ထုတ်ပြောင်းသီးနှံမှာ ဖောငမြှောင်တောင် ကျရောက်ခဲ့သော်လည်း အချိန်မီ ဘက်စုံကာကွယ်နှိမ်နင်းမှုများ ပြုလုပ်နိုင်ခဲ့သည့်အတွက် ပျက်စီးမှုမရှိခဲ့သည်ကို တွေ့ရမှာဖြစ်ကြောင်း၊ ယခု မိမိတို့သီးနှံ များ စိုက်ပျိုးထားမှုကို ယနေ့ထောက်ပံ့ပေးလိုက်သည့် သီးနှံထောင်ချောက်များ အသုံးပြုကာ အမြဲကင်းထောက် စစ်ဆေးပြီး ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်ရန် လိုအပ်မှာဖြစ်ကြောင်း၊ ယခုပေးအပ်သည့် ထောင်ချောက်များသည် ဖီရိုမုန်းဟော်မုန်း အသုံးပြုသော ထောင်ချောက်များဖြစ်ပြီး ငမြှောင်တောင်ဖလံအထီးများကို အဓိကဆွဲဆောင်တာဖြစ်ကြောင်း၊ ထောင်ချောက် တစ်ခုသည် စိုက်ခင်း(၅)ဧကကို အသုံးပြုနိုင်ပြီး (၅)ဧကပတ်လည်အတွင်းမှ ဖလံအထီးများကို ဆွဲဆောင်နှိမ်နင်းမှာဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် ကလောမြို့နယ်အတွက် ထောင်ချောက်အခု(၄၀)နှင့် ဖောငမြှောင်တောင် ကာကွယ်နှိမ်နင်းရေးအတွက် ထိရောက်သော ပိုးသတ်ဆေးများဖြစ်သည့် အလန်း၊ ဆိက်ကလုံး၊ တမာဆေးများကို ဧက(၄၀)စာ ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်းပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်တောင်သူလယ်သမားနှင့်အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်မှ အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးမှ စီးပွားရေးကုစားမှု(CERP)အစီအစဥ်အရ(KOICA)မှအထောက်အပံ့ဖြင့်(SAME)စီမံကိန်းမှဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ ပေးအပ်ခြင်း၊ ဖောငမြှောင်တောင်(FAW) ကာကွယ်နှိမ်နင်းရန် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းနှင့် မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်းအား ရှင်းလင်းပြောကြားကြောင်း သိရသည်။

ထို့နောက် အထောင်အပံ့ပစ္စည်းများပေးအပ်ရာ ပြည်နယ်စိုက်ရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများမှ တောင်သူများအား ပိုးသတ်ဆေး ဖောငမြှောင်တောင်ဖမ်း ထောင်ချောက်တို့ကို ပေးအပ်ကာ မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းဆင်းသရုပ်ပြသမှုကို ကြည့်ရှုကြကြောင်း သိရှိသည်။

မောင်မောင်သန်း(ပြန်/ဆက်)

၀၉-၂၅၀၁၃၂၉၄၃

တောင်ကြီး ဇူလိုင် - ၁၃

new 173

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ခြင်းကို ဇူလိုင် ၁၃ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ကော်မရှင်အနေဖြင့် ၂၀၁၉ ခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၇)ခုတို့၌ အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖြောင့်မတ်တည်ကြည်မှုရှိရေး အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း (၂)ခု ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယခု ၂၀၂၀ ပြည့်နှစ် COVID-19 ကာလအတွင်းတွင်မူ အလုပ်ရုံဆွေးနွေးပွဲများ မဆောင်ရွက်နိုင်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ဖြောင့်မတ်တည်ကြည်မှုစာစောင်များကို ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးသို့ ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ ၂၀ ရာစုသည် ဒီမိုကရေစီဝါဒ၊ ဖက်ဆစ်ဝါဒ၊ ကူမြူနစ်ဝါဒတို့၏ ဝါဒသဘောတရားရေး အားပြိုင်ခဲ့သော ကာလဖြစ်ပြီး ၂၁ ရာစုတွင်မူ ဒီမိုကရေစီဝါဒအပေါ် အများစု လက်ခံယုံကြည်လာကြပြီးဖြစ်၍ “လုပ်ပိုင်ခွင့်ရှိသူများက အများပြည်သူအကျိုးကို ပုဂ္ဂလိက အကျိုး၊ အဖွဲ့အစည်း အကျိုးထက် မည်မျှအထိကျယ်ပြန့်စွာ ဦးစားပေးဆောင်ရွက်နိုင်သနည်း”ဆိုသည့် အချက်အပေါ် အပြိုင် အဆိုင် လုပ်ပြနေရသည့် ကာလဖြစ်ကြောင်းကို ဖူကူယားမားကဲ့သို့သော ထင်ရှားသည့် ကမ္ဘာ့နိုင်ငံရေးသိပ္ပံပညာရှင်များက အခိုင်အမာပြောဆိုလျက်ရှိကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် မှန်ကန်သောယုံကြည်မှု၊ မှန်ကန်သော တန်ဖိုးထားမှု များဖြင့် ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်များကို လေးစားလိုက်နာလျက် အများပြည်သူအကျိုးစီးပွားအတွက် မိမိတို့နှင့် သက်ဆိုင်ရာနယ်မြေ၊ အလုပ်ဌာနများ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိစ္စများကို ရဲရင့်တည်ကြည်စွာ ပြောဆိုလုပ်ကိုင်သွား နိုင်ပါရန်အတွက် ဤရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ပါမောက္ခဆရာကြီး ဒေါက်တာ အောင်ထွန်းသက် ရှင်းလင်းဖော်ပြထားသော အဂတိ လိုက်စားမှုနှင့်အတူ ယုံကြည်မှုများ ယိုယွင်းပျက်စီးလာခြင်း Video Clip အား ပြသခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်၊ ပအိုဝ်း နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များထံသို့ ရည်ညွှန်းစာစောင် စုစုပေါင်း(၁၉၉)စုံတို့အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကျေးဇူးတင်စကားပြောကြားရာတွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလ၌ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်း မြင်သာမှုတို့ဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများ မဆုံးရှုံးစေရေး၊ အဂတိ ကင်းစင်သော လူ့အဖွဲ့အစည်းဖြစ်စေရေးတို့ကို နိုင်ငံတော် အစိုးရက နိုင်ငံ့ဝန်ထမ်းများ၊ လုပ်သားပြည်သူများနှင့်အတူ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးကလည်း ၃၀-၃-၂၀၁၈ ရက်နေ့တွင် အဂတိလိုက်စားမှုများကို ပိုမိုတိုက်ဖျက်ရန် နှင့် အရေးယူဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ပြတ်သားစွာဆောင်ရွက်ရန် မှာကြားခဲ့ပါကြောင်း၊ ထို့ကြောင့် “ အဂတိ လိုက်စားမှုဆန့်ကျင်ဖို့၊ ညီညွတ်ကြပါစို့” ဆိုသည့် ကုလသမဂ္ဂ၏ ဆောင်ပုဒ်အတိုင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနှင့်လည်း အဂတိလိုက်စားမှု လျော့နည်းပပျောက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ရည်ညွှန်းစာစောင်များ အား ဖြန့်ဝေပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားပါသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ၊ ပအိုဝ်းနှင့် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

၀၉-၂၅၀၁၃၂၉၄၃

လေလံကြော်ငြာအမှတ်-၂/၂၀၁၉-၂၀၂၀ (MSME) သာမန်/(သတ-ဖ) ကျွန်း/သစ်မာ (သစ်လုံး/တိုင်/သစ်ခွဲသား)များအား သစ်အခြေခံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME)သို့ ရောင်းချခြင်း

new 178

new 179

new 180

new 181

new 182

နောက်ထပ်သတင်းများဖတ်မည်